facebook tracking image
Steps to Build and Strengthen Your Self-Confidence
Personal Development

Steps to Build and Strengthen Your Self-Confidence

Self-Confidence ဘယ်လိုတည်ဆောက်မလဲ?

ယုံကြည်​မှုဆိုတာ လူတစ်ယောက်​မှာလိုအပ်​တဲ့၊ ကိန်း​အောင်းတည်​ရှိ​နေတဲ့အရာတစ်​ခုဖြစ်​ပါတယ်​။ ယုံကြည်​မှုဆိုတဲ့ အရာရှိ​နေခြင်းက ကိုယ့်အတွက်​အကျိုးဖြစ်​ထွန်းနိုင်​တဲ့တွန်းအားတစ်​ခုဖြစ်​ပါတယ်​။ ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်တဲ့အခါအဓိကသိရှိထားရမှာကတော့ “မိမိကိုယ်​ကိုယုံကြည်​မှုရှိ​နေလျှင်​ ဘယ်အရာမဆိုအောင်မြင်နိုင်တယ်”​ ဆိုတဲ့ အချက်ပဲ​ဖြစ်​ပါတယ်​။ လူတိုင်းလူတိုင်းက ကိုယ်လုပ်ချင်တဲ့အရာတွေမလုပ်ရတဲ့အခါ၊ ကိုယ်​မလုပ်​ချင်​တဲ့အရာ​တွေလုပ်​​နေရတဲ့အခါ ဒါမှမဟုတ် ကိုယ်လုပ်နေရတာတွေအပေါ်မပျော်တဲ့အခါ စိတ်ဓာတ်ကျတတ်ပါတယ်။ ထိုကဲ့သို့လူတစ်​ဦးက မိမိရောက်​ရှိ​နေတဲ့အ​ခြေအ​နေနဲ့ပတ်​သက်​ပြီး ​ပျော်​ရွှင်​မှု​တွေ​ပျောက်​ဆုံးတာမျိုးဖြစ်လာရင် ထိုလူရဲ့ လုပ်​ရည်​ကိုင်ရည်​​တွေကျဆင်းလာပါတယ်​။ ဥပမာ - လုပ်ငန်းခွင်မှာလုပ်နေတဲ့သူတွေဆို  Target တွေ၊ Productivity တွေ ကျလာနိုင်ပြီး အလုပ်​ကိုလာချင်​စိတ်​​တွေလည်း ​လျော့ကျနိုင်ပါတယ်။ ထိုကဲ့သို့အ​ခြေ​အ​နေ​ ခဏခဏဖြစ်လာလျှင်​ အလုပ်မှာအဆင်မပြေဖြစ်လာနိုင်ပါတယ်။ ထိုအခါ မိမိ၏စိတ်​ဓာတ်​ကျဆင်းမှုက ​ဘေးပတ်​ဝန်းကျင်​ကိုပါထိခိုက်​လာနိုင်​ပြီး နောက်​ဆုံးမိမိကိုယ်​တိုင်​နစ်​မြှုပ်​သွားနိုင်​ပါတယ်​။ ထိုကဲ့သို့ မိမိ၏ကိုယ်​ပိုင်​ယုံကြည်​မှု​ပျောက်​ဆုံးခြင်း၊ ယုံကြည်​မှုမရှိခြင်း မဖြစ်​လာ​စေရန်​ မိမိကိုယ်​တိုင်​ကြိုးစားလုပ်​​ဆောင်​သင့်ပါတယ်​။ လူတိုင်းသည်​ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အသွေးကိုသိလာတဲ့အခါ အဲ့ဒီအရည်အသွေးကို ကောင်းမွန်သထက်ကောင်းမွန်အောင်ကြိုးစားရင်း အတိုင်းအတာတစ်ခုထိရောက်လာတဲ့အခါ မိမိကိုယ်မိမိယုံကြည်မှုရှိလာနိုင်ပါတယ်။ ထို​ကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုတည်ဆောက်ဖို့အတွက်...

၁။  မိမိကိုယ်ကို Challenge လုပ်ကြည့်ပါ။ ဥပမာ-နေရာတစ်နေရာသွားမယ်ဆိုရင် အရင်ကသူငယ်ချင်းမိတ်ဆွေအပေါင်းအသင်း၊ မိဘတွေနဲ့သွားခဲ့ပေမယ့် အခုတော့တစ်ယောက်တည်းသွားရတော့မယ်။ အဲ့လိုတစ်ယောက်​တည်​းသွားရတာကို “ငါတော့မလုပ်နိုင်ဘူး၊ မသွားရဲလောက်ဘူး” လို့စိတ်ထဲမှာဖြစ်နေပါလိမ့်မယ်။ အဲ့ဒီလိုဖြစ်လာရင် “ငါတစ်ယောက်တည်းလည်းမရရအောင်သွားမယ်။ ငါသွားနိုင်ရမယ်။” လို့မိမိကိုယ်ကိုအားပေးကြည့်လိုက်ပါ​။ တကယ်လည်းတစ်​​ယောက်​တည်းသွားနိုင်တဲ့အခါ ငါလုပ်နိုင်ပါလားဆိုပြီး မိမိရဲ့ Self-Confidence ပိုမိုရရှိလာတာကိုတွေ့ရမှာပါ။  

၂။​ လူ​တွေက ကိုယ်ကြောက်တဲ့အရာတွေဆို ထိပ်​တိုက်​ရင်​ဆိုင်​ရမှာ ​ကြောက်​တတ်​ကြပါတယ်​။ တစ်​ခါတစ်​လေ ကိုယ်​​ကြောက်​တယ်ထင်​တဲ့အရာ​တွေ ​(​ဥပမာ-​ရေ​ကြောက်​တဲ့သူဆိုလျှင်​ရေကူးသင်​ခြင်​း) ကို တမင်လုပ်ပစ်လိုက်​ခြင်းသည်လည်း​ မိမိ၏​​ကြောက်​စိတ်၊ သိမ်​ငယ်​စိတ်​​ကို ကိုယ်တိုင်ချိုးနှိမ်လိုက်ရာရောက်ပါတယ်။  

၃။ ကိုယ်ဝါသနာပါတာ သေးသေးလေးပဲဖြစ်ဖြစ်၊ ကိုယ့်မှာပါရမီပါတယ်လို့ထင်တာတစ်ခုခုဖြစ်ဖြစ် အဲ့ဒီအရာကိုပိုကျွမ်းကျင်ပိုင်နိုင်လာအောင်လေ့ကျင့်ပါ။ ဥပမာ - အသံကောင်းရင် သီချင်းကောင်းကောင်းဆိုတတ်အောင်လေ့ကျင်ကြည့်ပါ။ ပုံဆွဲတတ်ရင် ကျွမ်းကျင်စွာဆွဲနိုင်တဲ့ထိ သင်တန်းတက်ပြီးသင်ယူပါ။ တူရိယာတစ်ခုခု သို့မဟုတ် အားကစားတစ်မျိုးမျိုးမှာဝါသနာပါတယ်ဆိုရင် ကျွမ်းကျင်အောင်သင်ယူလေ့ကျင့်ပါ။ ဤကဲ့သို့တစ်ခုခုကိုသာမန်ထက်ပိုပြီးကျွမ်းကျင်လာရင် ကိုယ့်ကိုယ်ကိုအလိုလို ယုံကြည်​ချက်ရှိလာပါတယ်။ မိမိကိုယ်​ကို ဘာမှမကျွမ်းကျင်​ဘူးလို့ထင်နေရင်​ မိမိလုပ်​နိုင်​မယ့်အလုပ်​ကိုရှာ​ဖွေပါ။ ထိုအလုပ်​ကို ကျွမ်းကျင်ပိုင်နိုင်​​အောင်​လုပ်​ပါ။ ဒါ့အပြင်​မိမိကိုယ်​ကို ငါကရုပ်မချောပေမယ့်...ငါကမချမ်းသာပေမယ့်...ငါကစာအရမ်းမတော်ပေမယ့်... ငါ့မှာတော့ဘာရှိတယ်...ငါကတော့ဘာကျွမ်းတယ်… ဆိုတာမျိုး စိတ်ထဲမှာ Level တစ်ခုတက်လာအောင်ကျင့်ယူလို့ရပါတယ်။

၄။ ကိုယ့်ကိုခွန်​အားဖြစ်​​စေမယ့်စာများများဖတ်​ပါ။ ရုပ်​ရှင်တွေ​ကြည်​့ပါ။ ပတ်​ဝန်းကျင်​က​လေးစားအားကျရတဲ့သူ​တွေကို Inspiration ယူပါ။ တစ်ခါတစ်ခါမနက်​တိုင်း မှန်​ထဲကမြင်​ရတဲ့ကိုယ့်ပုံရိပ်​ကိုကြည့်ရင်း "Hey, you can do it" ဆိုပြီး အပြုံး​လေးနဲ့ကိုယ့်ကိုယ်​ကိုအား​ပေးပါ​...ကိုယ့်ကိုယ်​ကိုချစ်​ပါ။ အဓိကက​တော့ ကိုယ့်စိတ်​ကိုခိုင်​မာ​စေမယ်​့ ခွန်အားဖြစ်​​စေမယ့်အရာ​တွေပဲ​တွေးရင်​းလုပ်​ရင်း ပတ်​ဝန်​းကျင်​ရဲ့ ရိုက်​ခတ်​မှုကို​တော့ အတတ်​နိုင်​ဆုံးမေ့ထားဖို့ကြိုးစားရပါမယ်​။

အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကမိမိကိုယ်မိမိချစ်တတ်တာကနေစတင်ပါတယ်။  

ကိုယ့်ကိုယ်ကိုချစ်မြတ်နိုးပြီးလေးစားမှုရှိရင် ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာမခက်ခဲတော့ပါဘူး။  Change your mind and believe in yourself…